လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာ ဟာ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဂတ်ပို၊ ဆာလက်တို့ရဲ့ သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်(၁၃)ပွဲကစားပြီးချိန်မှာ ရမှတ်(၂၃)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာအထိ ကျဆင်းသွားပါတယ်။ လက်ရှိမှာ မန်စီးတီးအနေနဲ့ ရလဒ်ဆိုးတွေ ရင် ဆိုင်နေရသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ပရိသတ်တွေကလည်း ပွဲချိန်အတွင်းမှာ ဂွာဒီယိုလာကို မနက်ကျရင်ထုတ်ခံရတော့မယ်လို့ အော်ဟစ်လှောင်ပြောင် ခဲ့ကြပါတယ်။

လီဗာပူးအသင်းရဲ့ပရိသတ်တွေအပေါ် အရင်ကတည်းက လေးစားမှုအပြည့်ရှိတာကြောင့် အခုလိုမျိုး လှောင်ပြောင် ခံရမယ်လို့ ထင်မထားခဲ့ကြောင်းကိုလည်း နည်းပြဂွာဒီယိုလာက ပွဲအပြီးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ အသက်(၅၃)နှစ် အရွယ် ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးခဲ့သလို ပြီးခဲ့တဲ့လကမှ မန်စီးတီးအသင်းနဲ့ (၂)နှစ်စာချုပ်သစ် ချုပ်ဆိုထားတာဖြစ်ပါတယ်။