မန်စီးတီးအသင်းအနေနဲ့ လာမယ့်ဇန်နဝါရီဈေးကွက်မှာ လူသစ်ခေါ်ယူဖို့လိုအပ်နေပြီး ရာသီအကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရဖို့တော့ အခွင့်အရေးမရှိတော့ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

စနေညက လက်စတာစီးတီးအသင်းကို အနိုင်ရခဲ့တာက မန်စီးတီးအသင်းရဲ့ လိဂ် နောက်ဆုံး ၁၀ပွဲမှာ ဒုတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။
လက်စတာအသင်းနဲ့ပွဲမှာ မန်စီးတီးနည်းပြဘဝ ပွဲ ၅၀၀ ပြည့် ခဲ့တဲ့ ဂွါဒီယိုလာက လက်ရှိအသင်းရဲ့အခြေအနေက အားနည်းချက်တွေရှိနေပြီး ဒါကို ဇန်နဝါရီဈေးကွက် မှာ လူသစ်ဝယ်ယူပြီး ပြင်ဆင်ရမယ်လို့ ပြောသွားခဲ့တာပါ။
နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လာနိုင်ခဲ့ပေမယ့် ဇယားထိပ်က လီဗာပူးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟနေတာ ဖြစ်လို့ ချန်ပီယံဆုမျှော်လင့်ချက်က အဝေးကြီးကို ရောက်သွားပါပြီလို့လည်း ဂွါဒီယိုလာက ဝန်ခံသွားပါတယ်။

နိုင်ပွဲတွေဆက်ယူပြီး ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းအတွင်း ရပ်တည်နိုင်ရေးနဲ့ FA ဖလားမှာ ရလဒ်ကောင်းရယူနိုင်ဖို့ကိုသာ ကြိုးစားသွားရတော့မှာဖြစ်တယ်လို့လည်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းရဲ့ အခုလို ရလဒ်ဆိုးတွေဟာ ဒဏ်ရာပြဿနာက အဓိကကျခဲ့တယ်လို့လည်း စပိန်နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။