မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ လေဆိပ်မှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့တာကြောင့် လူ(၃၉)ယောက် နာမကျန်းဖြစ်ပွားခဲ့တယ်လို့ မလေးရှား အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဲဒီ လူတွေဟာ ယိုစိမ့်လာတဲ့ မီသိုင်းလ် မာကတ်တန် ဓာတ်ငွေ့ကို ရှူရှိုက်မိရာကနေ မူးဝေအော့အန်တဲ့ ဝေဒနာ တွေကို ခံစားခဲ့ကြတယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။
နာမကျန်းဖြစ်ခဲ့သူတွေကို လေကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှာ လက်ခံ ပြုစုပေးခဲ့ရာ (၂၄)ယောက်က သက်သာကောင်းမွန်လာလို့ ပြန်လွှတ် လိုက်ပြီဖြစ်ပါတယ်။ ၁၄ ယောက်ကိုတော့ ဆက်လက်ပြုစုကုသမှုပေးနေရပြီး နောက်ထပ်တစ်ယောက်ကိုတော့ ဆေးရုံပို့ပေးထားရတယ်လို့ ပြောပါတယ်။

အဲဒီလူတွေဟာ လေဆိပ်ရဲ့ အင်ဂျင်နီယာဌာနမှာ လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီသုံးခုက ဝန်ထမ်းတွေလို့ ဆိုပါတယ်။
ဂက်စ်ယိုစိမ့်မှုဟာ အသုံးမပြုတော့တဲ့ ဂက်စ်လှောင်ကန်ကနေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ယိုစိမ့်မှုဖြစ်တဲ့နေရာကို ပြင်ဆင်ဖာထေးမှု လုပ်ပြီးပြီဖြစ်ကြောင်းနဲ့ လှောင်ကန်ကိုလည်း ဖြုတ်သိမ်းပြီးတော့ စွန့်ပစ်ဖို့ လုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် လေကြောင်း ခရီးသွားလာမှုတွေကို ထိခိုက်နှောင့်နှေးစေတာမျိုး မရှိဘူးလို့လည်း မလေးရှားအာဏာပိုင်တွေက ပြောဆိုကြောင်း CNA သတင်းဌာနက ဖော်ပြပါတယ်။