မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းမှုတွေ ဆောင်ရွက်နေရာမှာ ဇွန်လ ၁၆ ရက်က ရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Sky Villa ရဲ့ B အဆောင်၊ အခန်းအမှတ်(W-5)ကနေ အမျိုးသမီး(၁)ယောက်ရဲ့ရုပ်အလောင်းနဲ့ ကလေးယောကျ်ား လေး (၁) ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ထပ်မံရှာဖွေ တွေ့ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ Sky Villa အဆောက်အဦ A အဆောင်နဲ့ B အဆောင်တွေကို ယာဉ်ယန္တရားတွေအသုံးပြုပြီး ဖယ်ရှားရှင်းလင်းတာ၊ ရုပ်အလောင်းထုတ်ယူတာနဲ့ ရှာဖွေတွေ့ရှိ တဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေဆီ လွှဲပြောင်းအပ်နှံပေးတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၃ ရက်၊ မနက်ပိုင်းကလည်း အဲဒီ Sky Villa ရဲ့ B အဆောင်၊ အခန်းအမှတ် (H-3)ကနေ အမျိုးသား တစ်ယောက်ရဲ့ ရုပ်အလောင်း၊ B အဆောင်၊ အခန်းအမှတ် (H-2) ကနေ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းနဲ့ အခန်းအမှတ် (H-4)ကနေ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါ တယ်။