မန္တလေး ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အဦမှာ သေဆုံးခဲ့သူတွေထဲက ပထမအသုတ် အဖြစ် သေဆုံးသူ ၇၂ ယောက်အတွက် တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်မှုကို စက်တင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက မန္တလေးမြို၊ နန်းရှေ့ မုန်တိုင်းဇရပ်မှာ ကျင်းပပါတယ်။

အဲဒီအခမ်းအနားမှာ Sky Villa ကို ဆောက်လုပ်ခဲ့တဲ့ NTL Construction Company က ပြိုကျမှုကြောင့် သေဆုံး သူတွေထဲက ပထမအသုတ်အနေနဲ့ နိုင်ငံသား၊ နိုင်ငံခြားသား ၇၂ ယောက်ကို တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ Sky Villa အဆောက်အဦမှာ နေထိုင်သူတွေထဲက သေဆုံးသူတွေကို ပထမအသုတ်အဖြစ် ထောက်ပံ့ကြေး ပေးအပ်တာဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုလို ထောက်ပံ့ကြေးပေးတာဟာ သေဆုံးသူတွေရဲ့တန်ဖိုးကို ဖြတ်တာ ဟုတ်ဘဲ လတ်တလော နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် တဒင်္ဂဖြေရှင်နိုင်ဖို့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာ တစ်ခုကနေ လုပ်ပေးတာ ဖြစ်တယ်လို့ Sky Villa Condo Operation Manager ဦးလင်းလင်းထွန်းက ပြောပါတယ်။

ပြိုကျ Sky Villa ကို ရှင်းလင်းရေးလုပ်ငန်း ကုန်ကျစရိတ်အနေနဲ့ လက်ရှိအချိန်ထိ ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် အထိ ကျခံသုံးစွဲထားတယ်လို့လည်း ဆိုပါတယ်။Sky Villa ပြိုကျမှုကြောင့် သေဆုံးသူတွေအတွက် များစွာဝမ်းနည်းမိတယ်လို့လည်း NTL Construction ကုမ္ပဏီ က မန်နေဂျင်းဒါရိုက်တာရဲ့ ဇနီးဖြစ်သူ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ငလျင်ဒဏ်သင့် သေဆုံးသူတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် အဖွဲ့အသီးသီးက ထောက်ပံ့ငွေ တွေ ပေးအပ်နေရာ Sky Villa ပြိုကျမှုက သေဆုံးသူတွေကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်ဆွေက ပြောပါတယ်။ အခုလက်ရှိ ပြိုကျ Sky Villa အဆောက်အဦ ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းမှာ ရာခိုင်နှုန်း ၈၀ ကျော် ပြီးစီးပြီ ဖြစ်ကာ စက်တင်ဘာ ၈ ရက်ထိ သေဆုံးသူရုပ်အလောင်း ၂၀၅ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။




