မန္တလေးငလျင်ကြီးကြောင့် အခြေခံပညာ ကျောင်းပေါင်း(၂၅၀၀)ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အခြေခံပညာ ဦးစီးဌာနက သိရပါတယ်။ တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း (၄၆၀၀၀)ကျော်ရှိတာ ဖြစ်ပါတယ်။ပျက်စီးခဲ့တဲ့ ကျောင်းတွေထဲမှာ တချို့က အကြီးစားပြင်ဆင်ရမှာဖြစ်ပြီး တချို့ကျောင်းတွေက အသေးစား ပြုပြင် ရမှာ ဖြစ်ပါတယ်။ တချို့ကျောင်းဆောင်တွေဆိုရင် ဖြိုဖျက်ပြီး ပြန်လည်တည်ဆောက်ရမဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။

ကျောင်းစာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူတွေ အဆင်ပြေသင်ကြားနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ယာယီ ကျောင်းဆောင်တွေ စီစဉ်ထားတယ်လို့ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ (၂၂)ရက်ကနေ ဇွန်လ(၁)ရက်အထိ သတ်မှတ် ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား၊ကျောင်းသူ (၇)သန်းကျော် တက်ရောက်ဖို့ မျှော်မှန်းထား တယ်လို့ ဆိုပါတယ်။




