မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆီဆုံရပ်ကွက်မှာ မေလ ၂၂ ရက်၊ မနက်အစောပိုင်း ၂ နာရီလောက်က နှစ်ထပ်တိုက်အိမ်တစ်အိမ်မှာ ရေခဲသေတ္တာ ဆေ့ဖ်ဂတ် အပူလွန်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သက်ကြီးပိုင်း အမျိုးသမီးကြီး လေးယောက် သေဆုံးခဲ့တယ်လို့ ကျောက်ဆည်လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ယောက်က One News ကို ပြောပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က နာရီဝက်ကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် နေအိမ်မှာ အိပ်ပျော် နေတဲ့ အသက်(၉၃)နှစ်အရွယ် ဒေါ်တင်အောင်၊ အသက်(၇၅)နှစ်အရွယ် အထက်တန်းပြ(ငြိမ်း) ဒေါ်ထွေးထွေး၊ အသက်(၆၆)နှစ်အရွယ် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဒေါ်နွယ်နွယ်ဦးနဲ့ အသက်(၅၈)နှစ်အရွယ် သပြေကုန်း ကျေးရွာ အမက ကျောင်းအုပ် ဒေါ်ခင်သူဇာတို့ မိသားစုဝင် လေးယောက် မီးလောင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကတော့ နေအိမ်မှာ ဖွင့်ထားတဲ့ ရေခဲသေတ္တာ ဆေ့ဖ်ဂတ်က အပူလွန်ရာကနေ မီး လောင်တာလို့ ရဲကြေးနန်းအရ သိရပြီး မီးလောင်နေစဉ် အိပ်မောကျနေတာကြောင့် မိသားစုဝင် လေးယောက်စ လုံး သေဆုံးတာ ဖြစ်နိုင်တယ်လို့ ကျောက်ဆည်လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း (၄) လောင်းကို ကျောက်ဆည်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင် ထားပြီး မေ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ မီးသင်္ဂြိုဟ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။