ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် Grade-9 ကျောင်းသူကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူနှစ်ယောက်ကို မေ ၂၂ ရက်မှာ တောင်ငူခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်ပြီး သတ်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။အခုသေဆုံးသွားတဲ့ Grade-9ကျောင်းသူဟာ မိခင်ဖြစ်သူနဲ့အတူ နှစ်ဦးတည်းနေထိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ် ၁၉ ရက်၊ မနက်ပိုင်းက မိခင်ဖြစ်သူအပြင်သွားလို့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ချိန် အခုလို အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူရဲ့နေအိမ်နဲ့ ကျောချင်းကပ်မှာ နေထိုင်တဲ့ အိမ်နီးချင်းအမျိုးသားတစ်ယောက်ကို မသင်္ကာတဲ့အတွက် ရဲတပ်ဖွဲ့က ခေါ်ယူစစ်မေးရာမှာ သူနဲ့အတူ တစ်ရွာတည်းနေသူ နောက်ထပ်အမျိုးသားတစ်ယောက်တို့က Grade-9 ကျောင်းသူကို အတင်းအဓမ္မ သားမယားပြုကျင့်ပြီး နေအိမ်မှာတွေ့ရတဲ့ နိုင်လွန်ကြိုးနဲ့ လည်ပင်းကို ရစ်ပတ်ပြီး ဓားမနဲ့ ခုတ်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်။အဲဒါကြောင့် ပြစ်မှုကျူးလွန်သူ နှစ်ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးပြီးနောက် တောင်ငူခရိုင်တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့တာ ဖြစ်ပြီး တောင်ငူခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။