မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ နဂါးနန်းတော် ရတနာရွှေဆိုင်မှာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ဓားပြ တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် မနက် ၉ နာရီအချိန်လောက်က ချမ်းအေးသာစံမြိုနယ်၊ (၇၇)လမ်း၊ (၃၂)လမ်းနဲ့ (၃၃) လမ်းကြားရှိ နဂါးနန်းတော် ရတနာရွှေဆိုင်မှာ ဆိုင်ရှင်နဲ့ဆိုင်ဝန်ထမ်းတွေက ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ယောက် ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါ တယ်။ အဲဒီနောက် ရွှေဆိုင်ကောင်တာမှာ ခင်းကျင်းထားတဲ့ ရွှေ ၁ ပိဿာလောက်နဲ့ ငွေကျပ်သိန်း ၃၀ ကို ယူဆောင်ပြီး ထွက်ပြေးသွားတာလို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ် ရွှေဆိုင်မှာ စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူ တွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၄၃)လမ်း၊ (၆၄)လမ်းနဲ့(၆၅)လမ်း ကြားရှိ ဆင်ဖြူတော်ငွေလွှဲဆိုင်မှာလည်း ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း (၇၀၀)ကျော်နဲ့ ကားတစ်စီး ပါသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကိုလည်း ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ပြီး ရွှေ ၄ ပိဿာလောက်ကို ယူဆောင် ထွက်ပြေးသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။