မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူတွေကို သက်ဆိုင်ရာ က လိုက်လံစုံစမ်းဖမ်းဆီးနေတယ်လို့ အဲဒီ ရွှေဆိုင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အခင်းဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်ကို ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းက ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားသုံးယောက် ရောက်လာပြီး ပစ္စတို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ကာ ရွှေ ၄ ပိဿာလောက်ကို ယူဆောင် ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းတွေကတစ်ဆင့် စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။အခုနှစ်အတွင်း မန္တလေးမြို့မှာ ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင်နဲ့ ရွှေဆိုင်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရမှုတွေဟာ အခု တစ်ကြိမ်အပါအဝင်ဆိုရင် လေးကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။