ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆဖြစ်မှုတွေဟာ (၂၀၂၃)ခုနှစ်ကထက် ပိုမိုများလာတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ်တုန်းက ယာဉ်မတော်တဆမှုပေါင်း(၁၆၃)ကြိမ် ဖြစ်ပွားခဲ့ပြီး အခု(၂၀၂၄)ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလအထိမှာတော့ ယာဉ်မတော်တဆမှု စုစုပေါင်း(၁၈၉)မှုအထိ ရှိနေတာဖြစ်ပါတယ်။ယာဉ်မတော်တဆမှုကြောင့် ပြီးခဲ့တဲ့နှစ်က သေဆုံးသူ(၈၆)ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၂၆) ယောက် ရှိခဲ့ပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ ယာဉ်မတော်တဆမှုကြောင့် သေဆုံး (၈၇)ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ(၃၃၈)ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ယာဉ်တိုက်မှုတွေ လျော့နည်းကျဆင်ဖို့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေပေမဲ့ ယာဉ်မောင်း တွေရဲ့ ပူးပေါင်းပါဝင်မှု မရှိရင် လျော့နည်းကျဆင်းအောင်လုပ်ဆောင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးမျိုးလင်းသန့်က ပြောပါတယ်။

ယာဉ်မတော်တဆမှုတွေအနေနဲ့ (၂၀၂၄)ခုနှစ် မေလမှာ(၂၁)မှု၊ စက်တင်ဘာလနဲ့ အောက်တိုဘာလ တွေမှာ(၂၃)မှုရှိခဲ့ပြီး အများဆုံးဖြစ်ပွားခဲ့တာပါ။ ကျန်လတွေမှာတော့ ဖြစ်ပွားမှုက(၁၂)မှုကနေ (၁၉)မှု ကြား ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။