ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့နယ်၊ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတချို့ကို လိင်အမြတ်ထုတ်မှု ကျူးလွန်ပြီး တိမ်းရှောင်နေတဲ့ လက်ထောက်မူလတန်းပြဆရာကို မတ်လ ၁၈ ရက် ည ၇ နာရီခွဲမှာ ဖမ်းမိပြီဖြစ်တယ်လို့ အင်းတကော် နယ်မြေရဲစခန်းမှူးက One News ကို ပြောပါတယ်။အဲဒီကျောင်းဆရာဟာ ကျောင်းမှာတာဝန်ထမ်းဆောင်နေတာ ၈ နှစ်ကျော်ရှိပြီး ကျောင်းဝင်းအတွင်း နေထိုင်ရာ ကနေ ဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်က အရှေ့ကုန်းကျေးရွာမှာ တိမ်းရှောင်နေရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူ ကျောင်းဆရာဟာ ကျောင်းဖွင့်ရက် ညနေစာသင်ချိန်နဲ့ ကျောင်းဆင်းပြီးချိန်တွေမှာ ကျောင်းသား၊ ကျောင်းသူတချို့ကို သူရဲ့နားနေခန်းကိုခေါ်ပြီး ခြိမ်းခြောက်ကာ လိင်အမြတ်ထုတ်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလိုပြုလုပ်နေတာဟာ ၃ နှစ်နီးပါး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။အဲဒီလို ဖြစ်နေတာတွေကို အရင်က ကျောင်းသားမိဘတွေက လုံးဝမသိရှိခဲ့ပါဘူး။ မခံမရပ်နိုင်ဖြစ်တဲ့ အတန်းကြီး ကျောင်းသားတွေက ကျောင်းသားမိဘတွေကို အသိပေးပြောကြားတဲ့အတွက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ဆရာမကြီး သိရှိခဲ့တယ်လို့ ပြောပါတယ်။

လိင်အမြတ်ထုတ်ခံရတဲ့ကျောင်းသားကျောင်းသူ ၁၀ ယောက်ထက်မနည်းရှိပြီး Grade-5 ကျောင်းသူတစ်ယောက်နဲ့ နောက်ထပ်ကျောင်းသားတစ်ယောက်ရဲ့မိဘတွေက အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီကျောင်းဆရာဟာ G-5 အတန်းပိုင်ဖြစ်တယ်လို့ သိရပြီး ခြိမ်းခြောက်လိင်အမြတ်ထုတ်ခံရတဲ့ ကျောင်းသား ကျောင်းသူတွေဟာ G-5 ကနေ G-8 အထိ ကျောင်းသား၊ကျောင်းသူတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ အဲဒီကျောင်းဆရာကို ဥပဒေအရ အမှုဖွင့်အရေးယူထားပြီဖြစ်တယ်လို့ အင်းတကော် နယ်မြေရဲစခန်းမှူးက ပြောပါတယ်။