ရန်ကုန်တိုင်းဒေသကြီးမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တ မင်း) ၃ တန်ကျော်၊ ကတ်တမင်း ၂၀၀ ကီလိုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၆ ရက်၊ ည ၇ နာရီ ခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင် ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခေါ်)သားကြီး၊ သန့်ကောင်းဆက်(ခေါ်)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခေါ်)ရာကွတ်တို့ ငါးယောက်ကို အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ Toyota Hilux ယာဉ် တစ်စီး၊ Toyota Land Cruiser ယာဉ် တစ်စီးနဲ့ မာစီးဒီးဘင့်ဇ် ယာဉ်တစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးတွေ တစ်ဆင့်ပြန်ရောင်းချသူ ဟိန်းစည်သူ(ခေါ်) ဇော်ဇော်အောင် (ခေါ်)အောင်ကိုကို(ခေါ်) ထင်လင်းပြည့်ကို သာကေတမြို့နယ်၊ ရှုခင်းသာလမ်းနဲ့ တစ်ဆင့်ပြန်ရောင်းဖို့ ချိတ်ဆက် ပေးသူ တင်လှ(ခေါ်) စသစ်ကို တောင်ဒဂုံမြို့နယ်၊ ၁၀၄ ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သတင်းကွင်းဆက်အရ မတ် ၆ ရက်၊ ည ၉ နာရီခွဲအချိန်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာ လမ်းမကြီးမှာ ကျော်ကျော်သိန်း(ခေါ်)ကျော်ကျော်(ခေါ်)အသေးလေးကို သူမောင်းလာတဲ့ ယာဉ်ပေါ်က အိုက်စ် ၁ တန်ကျော်၊ ကတ်တမင်း ကီလို ၂၀၀ နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီ စိတ်ပြောင်းဆေး ဝါးတွေကို မလေးရှားပင်လယ်ရေပြင်ကို ချိတ်ဆက်ပို့ဆောင်ရောင်းချဖို့ စီမံခန့်ခွဲသူဟာ AA အဖွဲ့ စီးပွားရေး တာဝန် ခံ ရဲဝင်း(ခေါ်)ကျော်စိုးလင်းနဲ့ သူရဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့ ဖြစ်ကြောင်းနဲ့ ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါး တွေ လက်ခံပြီး မလေးရှားပင်လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့ မှာ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး မလေးရှားကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ရာမှာ ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခေါ်)ကိုမျိုးကို သူနေ ထိုင်တဲ့ မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်ရှိ နေအိမ်နဲ့ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ကျော်ဝေထွန်း၊ သိန်းထွန်း(ခေါ်) သန့်ဇင်၊ ရန်ရှင်းအောင်နဲ့ ဇော်ဇော်အောင် တို့ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါ အပိုင်း (၄) ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။အမှုဖြစ်စဉ်မှာ ဖမ်းမမိသေးတဲ့ AA အဖွဲ့ စီးပွားရေးတာဝန်ခံ ရဲဝင်း(ခေါ်)ကျော်စိုးလင်းနဲ့ သူရဲ့ဇနီးတို့ဟာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ မော်တော်ယာဉ်ဂိတ်တွေဖွင့်ပြီး သူတို့ပိုင်တဲ့ ခရီးသည်တင် မှန်လုံယာဉ် ၁၆ စီးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရှိရတဲ့အတွက် ဥပဒေအရ အရေး ယူထားသလို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေ ပိုင်ဆိုင်မှုတွေကို လည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင် ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။