ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်ကို တင်ပို့မယ့် ငွေကျပ်(၈)ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်း ကျော်ကို သယ်ဆောင်လာတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ အောင်ဇော်ဦး မောင်းလာတဲ့ PRADO ကားပေါ်ကနေ ဘိုဘိုအောင် မောင်းပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာတဲ့ I-ZONE ကားပေါ်ကို လွှဲပြောင်းတင် ဆောင်နေတဲ့ စိတ်ကြွဆေးပြား (၅)သိန်းကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ရှမ်းပြည်နယ်ကနေ သယ်ယူပြီး ရခိုင်ပြည်နယ်ကို စိတ်ကြွဆေးပြားတွေ တင်ပို့ရောင်းချသူဟာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီနဲ့ ဇနီးနန်းရွှေရင် (ခေါ်) နန်းမိုင်းခမ်း (ခေါ်) နန်းခမ်းကြာတို့ ဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ စိတ်ကြွဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်သူကတော့ ထင်ထင်ကျော်(ခေါ်)ရခိုင် ဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို ဥပဒေအရ အရေးယူထားပြီး ဆက်စပ်ပြစ်မှု ကျူးလွန်သူ တွေကို ထပ်မံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။