မုံရွာမြို့ပေါ် ရပ်ကွက်တွေမှာ ဓားပြမှုကျူးလွန်ခဲ့သူတွေက အချင်းချင်း ဝေစုမပေးလိုတဲ့အတွက် သက်ဆိုင်ရာကို သတင်းပေးမှုကြောင့် ဓားပြမှုတွေကျူးလွန်ရာမှာပါတဲ့သူတွေထဲက အမျိုးသား၂ယောက်နဲ့ အမျိုးသမီး၁ယောက်တို့ကို ဇန်နဝါရီ၃၁ရက်က မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့၃ယောက်နဲ့အတူ ယင်းမာပင်မြို့နယ်၊ လယ်မှောက်ကျေးရွာကအမျိုးသား၂ယောက် အမျိုးသမီး ၁ယောက်တို့ ပူးပေါင်းပြီး ဇန်နဝါရီလဆန်းပိုင်းက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် ၊ သာစည်လမ်းဘေး အရက်ဆိုင်နေအိမ်ကို ဓားပြတိုက် လုယက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၃ရက်က လည်း နောက်ထပ်အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၁ယောက်တို့ ထပ်မံပူးပေါင်းပြီး စုစုပေါင်း၈ယောက်အဖွဲ့နဲ့ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ၉ လမ်းရှိ စက်သုံးဆီရောင်းတဲ့အိမ် ကို ဓားပြတိုက်ခဲ့ပြီး ငွေကျပ်သိန်း၅၀၊ ၁၂ ကျပ်သားခန့်ရှိတဲ့ ရွှေထည်တွေကို လုယက်ယူဆောင်ခဲ့ပြီး အဲ့ဒီရွှေထည်မန္တလေးမြို့ကို သွားရောက် ရောင်းချခဲ့တာဖြစ်တယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။
အဲ့ဒီနောက် ရောင်းချရတဲ့ငွေကို ဝေစုခွဲရာမှာ ဓားပြအဖွဲ့ထဲပါတဲ့ ယင်းမာပင်မြို့နယ်၊ လယ်မှောက်ကျေးရွာမှာ နေတဲ့သူက ကျန်တဲ့သူတွေကို တစ်ယောက်ခြောက်သိန်းစီပဲပေးပြီး ကျန်တဲ့ငွေတွေနဲ့ ရွှေထည်တွေကို ခွဲဝေမပေးလိုတဲ့အတွက် သက်ဆိုင်ရာကိုသတင်းပို့ တိုင်ကြားမှုကြောင့် အခုလိုဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုဖမ်းမိထားတဲ့ ဓားပြအဖွဲ့ထဲပါတဲ့ အမျိုးသား၂ယောက်၊ အမျိုးသမီး၁ယောက်တို့ကို အရေးယူထားပြီး ကျန်တဲ့ဓားပြအဖွဲ့ဝင်တွေကို ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။