မန္တလေးမြို့ပေါ်မှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အယောင်ဆောင်ကာ ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မေ ၁၅ ရက်က ထုတ်ပြန်ပါတယ်။မန္တလေးမြို့ပေါ် အမရပူရ၊ ကျောက်ဆည်နဲ့ မြစ်ငယ်မြို့တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အယောင်ဆောင်ကာ ဂိုဏ်းဖွဲ့ပြီး ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလာတဲ့အတွက် ကျူးလွန်သူတွေကို ဖမ်းမိရေး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေ ၅ ရက်က ဓားပြတိုက်၊ လုယက်မှုတွေ ကျူးလွန်ရာမှာ ဦး ဆောင်သူ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်းကို ဖော်ထုတ် ဖမ်းဆီးရမိတယ်လို့ ဆိုပါ တယ်။

ဖမ်းမိသူ နေထက်လင်းရဲ့ ထွက်ဆိုချက်အရ ကွင်းဆက် ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဓား ပြတိုက်၊ လုယက်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့သူတွေ ဖြစ်တဲ့ နေထက်လင်းရဲ့ဇနီး မေမီမီကို အပါအဝင် စုစုပေါင်း ဂိုဏ်းအဖွဲ့က အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၇ ယောက်တို့ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်မှာ လုယက်မှု ၃ ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ ရွှေဆိုင်ဓားပြတိုက်မှု ၃ ကြိမ်နဲ့ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်က နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ပြီး ကျပ် ၁၁၉ သိန်းကျော် လုယက်မှု၊၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က အထည်ဆိုင် ဓားပြတိုက်မှု၊ ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က ရွှေဇာမဏီ ရွှေဆိုင်ကို ဓားပြတိုက်မှု ကျူးလွန်ရာမှာ အသီးသီး ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖော်ထုတ်ဖမ်းမိတဲ့ ကျူးလွန်သူတွေကို ဓားပြတိုက်မှု၊ လုယက်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အထောက်အ ထားတွေနဲ့ တကွ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး နေထက်လင်း အပါအဝင် ၁၇ ယောက်ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေကာ ဖမ်းဆီးဖို့ ကျန်တဲ့ ကျူးလွန်သူတွေနဲ့ သိမ်းဆည်းဖို့ ကျန်တဲ့ လက်နက် ခဲယမ်းတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနဲ့ လုယက်မှုဖြစ်စဉ်တွေအတွင်း ပါရှိသွားခဲ့တဲ့ သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။