မြန်မာပလာဇာရှော့ပင်းမောလ် ယာဉ်ရပ်နားတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေ ဖမ်းမိရေးအတွက် စုံစမ်းစစ်ဆေးမှု ဖြစ်စဉ်တွေမှာ ပူးပေါင်းကူညီဆောင် ရွက်နေတယ်လို့ မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့က ဩဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၅ ရက်၊ ညနေပိုင်းက မြန်မာပလာဇာရှော့ပင်းမောလ်ရဲ့ ကားရပ်နားတဲ့နေရာမှာ အမျိုးသမီးတစ်ယောက် ကို အမျိုးသားနှစ်ယောက်က ဓားနဲ့လုပ်ကြံတိုက်ခိုက်ခဲ့တာပါ။သက်ဆိုင်ရာလုံခြုံရေးဌာနက ဖြစ်စဉ်သိသိချင်းမှာ အဲဒီအမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ လူနာကတော့ ရရှိတဲ့ ဒဏ်ရာကြောင့် ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ဟာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာပလာဇာအနေနဲ့လည်း နစ်နာသူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာပလာဇာအနေနဲ့ ဈေးဝယ်သူတွေနဲ့ ဧည့်သည်တော်တွေရဲ့ ဘေးကင်းလုံခြုံရေး အတွက် ဈေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားတဲ့နေရာတွေနဲ့ အရေးကြီးနေရာတွေမှာ လုံခြုံရေး အပြည့်အဝ ချထားပြီး လုံခြုံရေးစနစ်တွေ တိုးတက်ကောင်းမွန်အောင် ချက်ချင်း အကာင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းမိရေးအတွက် သက်ဆိုင်ရာရဲစခန်းနဲ့ပူးပေါင်းပြီး လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ဆောင်ရွက်နေသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းစဉ်အတွင်း အလေးအနက်ထားပြီး ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



