ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၉ လမ်းမှာ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းက လာရောက်လည်ပတ်ရေကစားသူတွေ စည်းကားများပြားတာကိုတွေ့ရပါတယ်။

ရန်ကုန်မြို့၊ ၁၉လမ်းကို လာရောက်လည်ပတ်သူအများစုက လူငယ်လူရွယ်တွေဖြစ်ပြီး မြို့နယ်ပေါင်းစုံကနေ လာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။

၁၉လမ်းသင်္ကြန်ဟာ သင်္ကြန်အကြိုနေ့ ညနေပိုင်းကတည်းကစပြီး အတက်နေ့ညနေအထိ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်လည်ပတ်သူတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပတာဖြစ်ပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကိုလည်း ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ၂၈ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုတွေမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့သင်္ကြန်၊ အေးသင်္ကြန်အဖြစ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။