မြန်မာနိုင်ငံရဲ့ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီတွေအတွက် တရုတ် အစိုးရက ယွမ် ၁ ဘီလီယံဖိုး အကူအညီတွေ ထပ်မံပံ့ပိုးသွားမယ်လို တရုတ်နိုင်ငံတကာ ဖွံဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ(CIDCA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လီမင်းက ဧပြီလ ၁၀ ရက်က ပြောပါတယ်။

အဲဒီအကူအညီတွေထဲမှာ လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနဲ့ ကာကွယ်ဆေး စတဲ့ အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေပါဝင်ပြီး ကျန်းမာရေးနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲတွေကို ကုသရေးနဲ့ ပိုးသတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖိုလည်း စေလွှတ်သွားမှာဖြစ်တယ်လို ပြောပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ စေလွှတ်ပြီး ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို ကွင်းဆင်းစစ်ဆေးကာ ပြန်လည်ထူထောင်ရေးနဲ့ ဘေးအန္တရာယ်ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်တွေ ရေးဆွဲရာမှာ ပံ့ပိုးကူညီ သွားမယ် လို ဆိုပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်နဲ့ အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲတွေကိုလည်း စေလွှတ်ပြီး ပျက်စီးသွားတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေနဲ့ အဆောက်အဦတွေကို စစ်ဆေးအကဲဖြတ်တာ၊ ခိုင်ခံ့မှု စမ်းသပ်တာနဲ့ ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမယ်လို ပြောပါတယ်။တရုတ်အစိုးရအနေနဲ့ မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီးမှာ မြန်မာနိုင်ငံကို ယွမ်သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီတွေ ပေးအပ်မယ်လို ကြေညာ ခဲ့ပါတယ်။