မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်း နဲ့ ၁၉ လမ်းကြား၊ ၈၆ လမ်းရှိ တံဆိပ်ခေါင်းရောင်းတဲ့ နေအိမ် တစ်အိမ်မှာ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လူတစ်စုက အိမ်ရှင် အမျိုးသမီးကြီး တစ်ယောက်ကို သတ်ပြီး ရွှေထည် ပစ္စည်းတွေ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ လူငယ်ပိုင်း အမျိုးသား နှစ်ယောက် နဲ့ အမျိုးသမီး နှစ်ယောက်တို့ စာချုပ်ဝယ်ယူမယ်လို့ ပြော ဆိုကာ နေအိမ်ထဲ ဝင်ရောက်ပြီး အိမ်ရှင် အမျိုးသမီးကြီးကို ထိုးကြိတ်ရိုက်နှက် မှုတွေ ပြုလုပ်ခဲ့တာကြောင့် အိမ်ရှင် အမျိုးသမီးကြီးမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ချိန်က အိမ်ရှင် အမျိုးသမီးကြီးရဲ့ မောင်ဖြစ်သူလည်း ရှိနေပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကျူးလွန်သူတွေက အိမ်ရှင် အမျိုးသမီးကြီး ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်နဲ့ ဟန်းချိန်းတစ်ခုတို့ကို လုယက်ယူဆောင်သွားပြီး လက်ရှိမှာ သက်ဆိုင်ရာက ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက် နေတယ်လို့ လည်း သိရပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်းရှိ နေအိမ် ၄ လွှာ တိုက်ခန်း တစ်ခန်းမှာ ဩဂုတ် ၁၈ ရက်၊ ည ၈ နာရီလောက်က အဘွားအိုတစ်ယောက်တည်း ရှိနေစဉ် အမျိုးသား နှစ်ယောက် ဝင်ရောက်လာပြီး လုယက်မှုကျူးလွန်နေစဉ် ရှစ်လွှာနေ သမီးဖြစ်သူက ဝိုင်းဝန်းအကူအညီတောင်းလို့ ပတ်ဝန်းကျင်က လိုက် လံ ဖမ်းဆီးရာ တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ရွှေ နဲ့ ငွေသားအချို့တော့ လုယက်သူ နောက် တစ်ယောက်ထံ ပါသွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ဆီက သိရပါတယ်။