ပြည်သူတစ်ရပ်လုံးက လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီး တည်ဆောက်ကြဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်တဲ့ (၇၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုတဲ့ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။ အခုနှစ်အတွက် ကုလသမဂ္ဂကချမှတ်တဲ့ဆောင်ပုဒ်မှာ “ဒို့အခွင့်အရေး၊ ဒို့အနာဂတ်၊ ယခုကစလို့ ဆောင်ကြဉ်းအပ်” ဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ဖောက်ဖျက်ခံရ တယ်ဆိုတဲ့ တိုင်တန်းချက်(၂၁၄)စောင်ကို စိစစ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကျဉ်းထောင်/အချုပ်ထောင်(၁၀)ခု၊ အကျဉ်းစခန်း(၁၂)ခု၊ ရဲစခန်းအချုပ်(၁၈)ခု၊ တရားရုံးအချုပ် ခန်း(၁၅)ခု၊ ဘိုးဘွားရိပ်သာ(၁၀)ခု၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း (၃)ကျောင်း၊ မသန်စွမ်း သက်ငယ် သင်တန်းကျောင်း (၁)ကျောင်းနဲ့ လူငယ်သင်တန်းကျောင်း (၅)ကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အကြံပြုချက်ပေါင်း (၂၉၃)ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းတွေကို ပေးပို့ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။