ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှာ ဧပြီ ၈ ရက် ညပိုင်းက ယာဉ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် လူ ၇ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်၊၊ဖြစ်စဉ်ကတော့ ဧပြီ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ အချိန်လောက်က ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်တိုင်အမှတ် ၃၆၆ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံအနီး စပါယ်ရှယ်တောင် အဆင်းအရောက်မှာ ၆ ဘီး ခရီးသည်ယာဉ် တစ်စီးဟာ လမ်းရဲ့ ယာဘက် ပေ(၅၀၀)ခန့်နက်တဲ့ ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊

ယာဉ်ထိုးကျမှုကြောင့် ယာဉ်ပေါ်ပါတဲ့ လူ ၁၀ ယောက်အနက် အမျိုးသားငါးယောက်နဲ့ အမျိုးသမီး နှစ်ယောက်တို့ သေဆုံးပြီး ကျန်တဲ့ သုံးယောက်က ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါ တယ်။ပြီးခဲ့တဲ့ မတ်လ ၁ ရက် ညပိုင်းကလည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံနဲ့ တာကော်အကြား စပါယ်ရှယ် တောင်မှာပဲ တာချီလိတ်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်(၁)စီး လမ်းဘေး ထိုးကျ တိမ်း မှောက်ခဲ့ရာ ခရီးသည် ၇ ယောက် သေဆုံးခဲ့ပြီး အခြားခရီးသည် ၂၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့ ပါသေးတယ်။