Apple ရဲ့ နည်းပညာကုမ္ပဏီကြီးဟာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ နှစ်စဉ်ထုတ် ကုန်မိတ်ဆက်ပွဲမှာ iPhone 17 lineup ၊ AirPods Pro 3 အသစ်နဲ့ Apple Watch Series 11 တို့ မိတ်ဆက်ခဲ့တာ ကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မိနစ် ၈၀ နီးပါးကြာမြင့်တဲ့ အဲဒီပွဲမှာ iPhone 17 က အချိန်အများဆုံးယူခဲ့ပေမဲ့ ပွဲရဲ့ အဓိက အာရုံစိုက်မှု အခံရဆုံး ကတော့ iPhone ဒီဇိုင်းကို အဓိကပြောင်းလဲမှုကြီးတစ်ခုအဖြစ် မိတ်ဆက်လိုက်တဲ့ iPhone Air ဖြစ်ပါတယ်။ ၅ ဒသမ ၆ မီလီမီတာသာ ထူတဲ့ ဒီ iPhone Air ဟာ ကုမ္ပဏီရဲ့ အပါးလွှာဆုံး iPhone ဖြစ်လာပြီး နာမည်ကျော် လေးထောင့်ပုံစံ iPhone တွေရဲ့ ဒီဇိုင်းကို သုံးနှစ်တာကာလအတွင်း လန်းဆန်းတဲ့ ဒီဇိုင်းအသစ်တွေနဲ့ အစားထိုးမဲ့ အစီအစဉ်ရဲ့ အစလည်း ဖြစ်ပါတယ်။

အခြားထုတ်ကုန်တွေရဲ့ ထူးခြားချက်တွေကတော့ AirPods Pro 3 မှာ ပါဝင်လာတဲ့ တိုက်ရိုက်ဘာသာပြန်ဆိုပေး နိုင်တဲ့ feature အသစ် ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် ဘာသာစကားသင်ကြားရေး app Duolingo ရဲ့ ရှယ်ယာတွေဟာ ပွဲအတွင်းမှာ ၁၀ % အထိ ကျဆင်းသွားခဲ့ပါတယ်။Apple Watch Series 11 မှာတော့ သွေးတိုးရောဂါ(hypertension)ကို ထောက်လှမ်းနိုင်တဲ့ feature အသစ် ပါဝင်လာမှာဖြစ်ပြီး FDA ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။



