တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း(၄၉၅)ဧကရှိတဲ့နယ်မြေကို “မအိုင်(၂)ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ(၅)ရက်မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေအရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးပြီး ဇူလိုင်လ ၄ ရက်က စတင်သတ်မှတ်ကြောင်း အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုတွေကို သဘာဝတံတိုင်းကြီးတွေသဖွယ်ကာကွယ်ဖို့နဲ့ ဒေသခံပြည်သူတွေအတွက် ငါး၊ ကဏန်း၊ ပုစွန်စတဲ့ ရေသယံဇာတတွေ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး အခုလိုဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်းတွင်းပိုင်းကို ဆားငန်ရေတွေဝင်ရောက်မှု တားဆီးကာကွယ်နိုင်ဖို့နဲ့ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေဖို့ ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင်တာ၊ ဒီရေတောတွေဟာ အဏ္ဏဝါ ဂေဟစနစ်ကို တည်ငြိမ်မှုအတွက်အရေးပါတဲ့ဂေဟစနစ် တစ်ခုဖြစ်တာနဲ့ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်တာစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။