တရုတ်နည်းပညာကုမ္ပဏီကြီး CATL က ကမ္ဘာ့ပထမဆုံးအနေနဲ့ လူတူစက်ရုပ်တွေ သီးသန့်မောင်းနှင်မဲ့ အကြီးစား EV ဘက်ထရီ ထုတ်လုပ်ရေးကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အန္တရာယ်များပြီး တိကျဖို့လိုအပ်တဲ့ အလုပ်နေရာတွေမှာ လူသားတွေအစား စက်ရုပ်တွေကို အစားထိုး အသုံးပြုသွားဖို့ ဖြစ်တယ်လို့ Bloomberg သတင်းမှာဖော်ပြထားပါတယ်။ဒီနည်းပညာမြင့် ထုတ်လုပ်မှုဟာ ဟီနန် ပြည်နယ်၊ လျှိုယန်း မှာရှိတဲ့ CATL ရဲ့ စက်ရုံမှာ စတင်လည်ပတ်နေတာဖြစ်ပါတယ်။ ဒီစက်ရုံရဲ့ အဓိကစက်ရုပ်ကတော့ ရှောင်းမိုလို့ နာမည်ပေးထားတဲ့ လူတူစက်ရုပ်ပါ။Spirit AI နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဒီစက်ရုပ်ဟာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို လိုက်လျောညီထွေ တုံ့ပြန်နိုင်သလို အစိတ်အပိုင်းတွေ မပျက်စီးအောင်လည်း ဂရုစိုက်နိုင်ပါတယ်။

သူတို့ဟာ အလွန်ရှုပ်ထွေးတဲ့ ဘက်ထရီ connector တပ်ဆင်တာမျိုးနဲ့ ထုတ်ကုန်နောက်ဆုံးအဆင့် စစ်ဆေးတာမျိုးတွေကို လူသားတွေလိုပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်ပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း ဒီစက်ရုပ်တွေဟာ တပ်ဆင်ချိတ်ဆက်မှုအပိုင်းမှာ ၉၉ရာခိုင်နှုန်းကျော် အောင်မြင်မှုရှိပြီး နေ့စဉ်ထုတ်လုပ်မှုကို ၃ ဆအထိ တိုးတက်စေမယ်လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ဘက်ထရီဈေးကွက်ကို ဆက်လက်လွှမ်းမိုးထားနိုင်ဖို့ CATL အတွက် အားသာချက်တစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။




