ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါး မြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း (၁,၅၁၇)ဧကရှိတဲ့ နယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော” အဖြစ် ဇွန်လ ၅ ရက်ကစပြီး သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနဟာ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကိုကျင့်သုံး ပြီးအခုလို အမိန့်ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
ဟားခါးမြို့ရဲ့အဓိကတည်နေရာ ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ တားမြစ်အပင်ဖြစ်တဲ့ ထင်းရှူးပင်နဲ့ဒေသမျိုးရင်း သစ်မျိုးတွေ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ တရားမဝင် သစ်တောထွက်ပစ္စည်းတွေထုတ် လုပ်မှုကနေတားဆီးကာကွယ်နိုင်ဖို့နဲ့ တရားမဝင်အမဲလိုက်တာကိုကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော အဖြစ် ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြေပြိုတိုက်စားတာနဲ့ သဘာဝဘေးအန္တရာယ်တွေက ကာကွယ်နိုင်ဖို့၊ ရာသီဥတု သာယာမျှတစေပြီး စိမ့်စမ်းရေထွက်တွေကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာ စေဖို့ရည်ရွယ် ဖွဲ့စည်းသတ်မှတ်တာလို့လည်းသိရပါတယ်။
အခုလိုသတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာအတွင်းပေါက်ရောက်နေတဲ့ တားမြစ်သစ်ပင်ဖြစ်တဲ့ ထင်းရှူးပင်နဲ့ ဒေသမျိုးရင်းသစ်မျိုးတွေဖြစ်တဲ့ ထင်းရှူး၊ ချယ်ရီ၊ တောင်ဇလပ်၊ ဝက်သစ်ချ၊ သစ်အယ်၊ မိုင်းဘော၊ ကရဝေးပင်နဲ့ သစ်ကြားပင်စတာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် သဘာဝပန်းအလှပင်တွေ၊ ချိုချဉ်သစ်ခွ၊ နုခါ သစ်ခွ၊ ငါးရိုးသစ်ခွ စတဲ့သစ်ခွမျိုးတွေကို ထိန်းသိမ်းနိုင် တာနဲ့ ချေ၊ တောကြောင်၊ ယုန် စတဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်သလို ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေတဲ့ စိမ့်စမ်းရေထွက်တွေကို ထိန်းသိမ်း နိုင်တာစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။