တရုတ်မှာ မူလတန်းကျောင်းသားတွေ ကြီးကြပ်မှုမရှိဘဲ AI သုံးပြီး အိမ်စာလုပ်ဆောင်နေတာတွေကို တားမြစ်လိုက်ပြီဖြစ်ကြောင်း VN EXPRESS သတင်းရဲ့ဖေါ်ပြချက်အရသိရပါတယ်။တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာနက မူလတန်းကျောင်းသူကျောင်းသားတွေ အိမ်စာတွေပြီးမြောက်စေဖို့ ဉာဏ်ရည်တုကိရိယာတွေကို လွတ်လပ်စွာအသုံးပြုခွင့်ကို တားမြစ်လိုက်ပြီး AI က ပညာရေးမှာ အထောက်အကူဖြစ်စေမယ့် ကိရိယာအဖြစ်သာ အသုံးချသင့်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

အလယ်တန်းကျောင်းသားတွေအနေနဲ့ AI က ထုတ်လုပ်ထားတဲ့ အကြောင်းအရာတွေ နည်းပညာတွေကို စူးစမ်းလေ့လာ ခွင့်ပြုထားပြီး အထက်တန်းကျောင်းသားတွေလည်း နည်းပညာနဲ့ ဆက်စပ်သောပညာရေးဆိုင်ရာလှုပ်ရှားမှုတွေ မှာ AI ကိုအသုံးပြုခွင့်ပေးထားပါတယ်။Global Times ထုတ်ပြန်ချက်အရ AI ဟာ ကျောင်းသားတွေအတွက် ပံ့ပိုးပေးတဲ့ ကိရိယာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး အဆင့်သတ်မှတ်တာ၊ အဖြေတွေထုတ်ပေးတာ ဒါမှမဟုတ် ထိလွယ်ရှလွယ်ဒေတာတွေကို ကိုင်တွယ်တာတွေအတွက် အသုံးမပြု သင့်ဘူးလို့ ဆရာ ဆရာမတွေကို ညွှန်ကြားထားပါတယ်။