အဏုမြူစွမ်းအင်ကို အသုံးချနေတဲ့ လုပ်ငန်းနဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နေသူတွေအနေနဲ့ အဏုမြူ စွမ်းအင် ဥပဒေနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ကြဖို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူ စွမ်းအင်ဦးစီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။

နိုင်ငံအတွင်း အဏုမြူစွမ်းအင်ကို အသုံးချနေတဲ့ လုပ်ငန်းနဲ့လုပ်ဆောင်မှုအချို့မှာ အဏုမြူစွမ်းအင် ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိကြောင်း သိရှိရတဲ့အတွက် အများပြည်သူနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အန္တရာယ် ကင်းရှင်းရေးအတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကုမ္ပဏီတွေမှာ အသုံးပြုတဲ့ ရောင်ခြည်ထုတ် ကိရိယာတွေနဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ကို အသုံးချရာမှာ အဏုမြူစွမ်းအင်ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသိပေးချက်မှာ ဖော် ပြထားပါတယ်။

နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ရောင်ခြည်ထုတ်ကိရိယာကို ပြည်တွင်းမှာ တင်သွင်းဖို့နဲ့ ပြည်ပကို တင်ပို့ဖို့ ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားတာနဲ့ လိုင်စင်မရှိဘဲ တင်သွင်းတာ၊ တင်ပို့တာ၊ လက်ဝယ်ထားရှိတာ၊ အသုံးပြုတာ၊ ထုတ်လုပ်တာ၊ သိုလှောင်တာ၊ ဖြန့်ဖြူးတာနဲ့ ဆက်လက် မသုံးစွဲဖို့ သတ်မှတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် အဏုမြူစွမ်းအင် ဥပဒေအရ ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒါကြောင့် နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် ရောင်ခြည်ထုတ်ကိရိယာကို ပြည်တွင်းမှာ တင်သွင်းပြီး မှတ်ပုံတင်နဲ့ လုပ်ငန်းလိုင်စင် မရှိဘဲ လက်ဝယ်ထားရှိ အသုံးပြုနေသူတွေနဲ့ သက်တမ်းကုန် လိုင်စင် တွေ ကိုင်ဆောင်လုပ်ကိုင်ကြသူတွေအနေနဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ ဓာတ်ရောင်ခြည်နှင့် နျူကလီယားဘေးအန္တရာယ် ကင်းရှင်းရေးဌာနကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။