အသိပညာအားနည်းရင် လူကောင်းတွေ နည်းပါးစေပြီး နိုင်ငံရဲ့ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်ငြိမ်ချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဇန်နဝါရီ(၁၃)ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ မှာ ကျင်းပတဲ့ လူငယ် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အတန်းပညာမရှိရင် အတတ်ပညာမရှိတဲ့အတွက် လူသားအရင်းအမြစ်တွေလည်း ရရှိမှုနည်းပါးကြောင်း၊ ဒါ့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရရှိစေရေး အသိပညာရှိတဲ့ လူငယ်လူရွယ်တွေ များပြားလာဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ အသိပညာတွေ တိုးပွားလာစေရေးအတွက် စာအုပ်စာပေတွေကို အမြဲဖတ်ရှု လေ့လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အခြေခံပညာတတ်တဲ့ ရာခိုင်နှုန်းမြင့်မားလာရေးဟာ နိုင်ငံတော်အတွက် အရေးကြီး လိုအပ်ချက်ဖြစ်ပြီး အများအားဖြင့် ပြည်နယ်တွေနဲ့ ဝေးလံခေါင်ပါးတဲ့ တိုင်းဒေသကြီးအချို့မှာ ပညာရေး အားနည်းတာကို တွေ့ရ တယ်လို့ ပြောပါတယ်။ပညာသင်ကြားရာမှာလည်း အခြေခံပညာအဆင့်နဲ့ အဆင့်မြင့်ပညာတွေ သင်ကြားနေပြီး အခြေခံပညာအဆင့် သင်ကြားရာမှာ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကိုပါ ထည့်သွင်းသင်ကြားပေးရင် အခြေခံပညာအဆင့် ပြီးဆုံးတာနဲ့ အသက်မွေးဝမ်းကျောင်းပညာကို လွယ်ကူစွာကူးပြောင်းလာနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အဲဒီအပြင် မိမိတို့အနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲတာတွေကို ဆောင်ရွက်သွားရမှာဖြစ်ပြီး အခုအခါ အခြေခံ ပညာအထက်တန်းအဆင့်မှာ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်မှာလည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံဗဟုသုတတွေ သင်ကြားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။အခြေခံပညာအထက်တန်း(တက္ကသိုလ်ဝင်)စာမေးပွဲမှာမအောင်မြင်တဲ့လူငယ်တွေအတွက်လည်း အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးနိုင်ဖို့အတွက် လာမဲ့ပညာသင်နှစ်မှာ ဘာသာရပ်တွေအလိုက် သင်ကြားပေးဖို့ စီမံဆောင်ရွက်နေပါတယ်။ အဲဒီလိုအဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီး ထိုက်ထိုက်တန်တန် ဖြစ်စေရေး သင်ကြား ပေးဖို့ ဆောင်ရွက်နေကြောင်းနဲ့ အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေ ကြောင်း၊ အတတ်ပညာရှိဖို့အတွက် အတန်းပညာရှိဖို့ လိုအပ်ပြီး ကျောင်းနေအရွယ်လူငယ်များအားလုံး ကျောင်း နေစေရေးနဲ့ အတန်းပညာတွေ ပြီးမြောက်စေရေး နိုင်ငံတော်က ဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




