ကုန်စည်ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနဲ့ မတရား အမြတ်တင် ရောင်း ချတာတွေကို ထိထိရောက်ရောက် ထိန်းသိမ်းစစ်ဆေးသွားဖို့လိုတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောပါတယ်။နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေဖို့နဲ့ ကုန်စည်ဈေးနှုန်းတည်ငြိမ်ဖို့ လိုအပ်ပါတယ်။

သီးနှံအထွက်နှုန်း တိုးမြှင့်ရေးဟာလည်း နိုင်ငံရဲ့အဓိကပန်းတိုင် ဖြစ်တာကြောင့် စိုက်ပျိုးသီးနှံတွေ အထွက်တိုးလာမှသာ ပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ လုံလောက်မှု ရရှိနိုင်မှာဖြစ်တဲ့အတွက် စိုက်ပျိုးရေး ကဏ္ဍကို အခြေခံပြီး စီးပွားရေး ကွင်းဆက်တစ်ခုလုံးကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်တယ်လို့လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့ပါတယ်။




