နိုင်ငံတော်မှာ စက်သုံးဆီ ဖူလုံမှုအနေနဲ့ ဓာတ်ဆီ ရက် ၄၀ စာ နဲ့ ဒီဇယ် ရက် ၅၀ စာလောက် ရှိပြီး အခု ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းဖို့ စီမံထားရှိပြီး ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၆ ရက်မှာ အသိပေး ထုတ် ပြန်ပါတယ်။အဲဒီအပြင် မိတ်ဆွေနိုင်ငံတွေကလည်း စက်သုံးဆီ တင်သွင်းဖို့ ရေရှည်အစီအမံ ပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ရဲ့ စွမ်းအင်သုံးစွဲမှုမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စတဲ့ ရေနံထွက်ပစ္စည်းတွေဟာ ၂၉ ရာခိုင် နှုန်း ပါဝင်ကာ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အဓိက အသုံးပြုနေပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ပြည် ပကနေ ဝယ်ယူတင်သွင်းနေရတာ ဖြစ်တဲ့အတွက် အခုလို ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲတွေ ဖြစ်ပေါ်လာချိန်မှာ ဝယ်ယူတင်သွင်းမှုကို အားပြုနေရတဲ့ မိမိတို့လို နိုင်ငံတွေအနေနဲ့ လွန်စွာခက်ခဲတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြ ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံတော်အနေနဲ့ စက်သုံးဆီအခက်အခဲကို ဖြေရှင်းဖို့အတွက် စီမံခန့်ခွဲမှု နည်းလမ်းတွေ၊ ဒီဂျစ်တယ် နည်းပညာအခြေ ပြု ရောင်းချတဲ့ စနစ်တွေနဲ့ ကြပ်မတ်ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်ရဲ့ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့ ဟာ စည်းစနစ်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာကာ စက်သုံးဆီသုံးစွဲမှုကို သိသာစွာ လျှော့ချနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကနေ လက်ရှိအချိန်ထိ စာရင်းတွေအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီ သုံးစွဲမှုဟာ ၃ ဒသမ ၅၄ ဂါလန်သန်းကနေ ၂ ဒသမ ၅ ဂါလန်သန်းကို ကျဆင်းလာခဲ့တာကို တွေ့ရှိရပြီး နေ့စဉ် ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်တာဟာ တစ်ရက်ကို နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းလောက် သက်သာစေမှာ ဖြစ်တဲ့အပြင် အရံဆီ သိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။အဲဒီအပြင် နိုင်ငံတော်အနေနဲ့ စက်သုံးဆီတွေကို နှစ်စဉ်တန်ချိန် ၅ သန်းလောက် တင်သွင်းနေရတဲ့အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀၀ ကျော် သုံးစွဲရမှာဖြစ်ရာ အခုလို စက်သုံးဆီကို စနစ်တကျ သုံးစွဲလာနိုင်ပါက နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀ လောက် လျော့နည်းသက်သာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပြီး အခြေအမြစ် ခိုင်လုံမှု မရှိတဲ့ သတင်းတွေ ဖော်ပြတာ၊ ပြည်သူတွေ စိုးရိမ်ကြောင့် ကြမှု မြင့်တက်စေဖို့ ရည်ရွယ်တဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖော်ပြတာတွေကို ပြုလုပ်နေတဲ့ မီဒီယာတွေကိုလည်း စွမ်းအင် ဝန်ကြီးဌာနက ဆက်သွယ်ပြိး သတိပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စက်သုံးဆီ ဝယ်ယူနိုင်မဲ့ စည်းကမ်းတွေအတိုင်း လိုက်ပါ ဆောင်ရွက် တာ စက်သုံးဆီအရောင်းဆိုင်တွေ အနေနဲ့လည်း QR Code နဲ့ ရောင်းချမှုအပေါ် ထပ်မံ လိုအပ်လာပါက အရေးပေါ် ဆီဖြည့်တင်းခွင့် ရရှိနေတဲ့အတွက် ကြောင့်ကြကင်းစွာ ရောင်းချဝယ်ယူကြဖို့ နဲ့ အခက်အခဲတွေ ရှိပါက Call Center တွေကို ဆက်သွယ်အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ထုတ်ပြန်ထားပါတယ်။




