၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးတွေနဲ့ နီးစပ်တဲ့မြို့တွေမှာ စတင်ကျင်းပပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဩဂုတ် ၁၉ ရက်က မကွေးတိုင်းဒေသကြီး ချောက်နဲ့ရေနံချောင်းမြို့နယ်တွေက ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်း သွားပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ အနိုင်ရတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ဆန္ဒမဲပေးရာမှာလည်း နိုင်ငံရဲ့အကျိုး၊ ဒေသရဲ့အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူတွေကိုသာ ရွေးချယ်ကြဖို့လည်း မှာကြားခဲ့ပါတယ်။၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို လာမဲ့ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်းလိုက် ကျင်းပမဲ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ကာ အပိုင်းလိုက် အားလုံးကျင်းပပြီးမှ လွှတ်တော်ခေါ်ယူမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။




