၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာပါဝင်တဲ့ ကချင်ပြည်နယ်က မံစီနဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပခြင်းမပြုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ၂၀ရက်မှာ ကြေညာပါတယ်။မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်တို့အတွက် ရွေးကောက်ပွဲကျင်းပခြင်းမပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မံစီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကျင်းပခြင်းမပြုဘူးလို့ ကြေညာလိုက်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ၂ရက်မှာ ကြေညာခဲ့တဲ့ မံစီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးကွမ်ဆန်းကို အမည်စာရင်းကြေညာထားမှုကနေ ပယ်ဖျက်လိုက်တယ်လို့လည်း ကြေညာချက်သီးခြားထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ၂၈ရက်ကစပြီး အပိုင်းလိုက်ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၇၃နယ်၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၂၅၅နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၄၂နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉နယ်တို့မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။




