နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ နည်းဥပဒေ ၁၅ ရဲ့ နည်းဥပဒေခွဲ (ဋ) အဖြစ် ရွေးကောက်ပွဲ မှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်းဆိုတဲ့ အချက်ကို ပြင်ဆင် ဖြည့်စွက်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၇ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၆ အရ အခုပြင်ဆင်တဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်တာပါ။နည်းဥပဒေ ၁၅ ကတော့ ပါတီတစ်ခုဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ရေးကို ထိခိုက်စေတာ၊ တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိတာ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ရေးသား၊ ဟောပြော၊ စည်းရုံးလှုံ့ဆော်တာ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တာ၊ နိုင်ငံခြားတိုင်းပြည် တစ်ခုခုရဲ့ အစိုးရ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်း ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံက ငွေကြေးထောက်ပံ့ရယူတာတွေစတဲ့ အချက် ၁၀ ကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိရင် မှတ်ပုံတင် ခွင့်ပြုခဲ့တာကို ပယ်ဖျက်ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းဥပဒေ ၁၅ မှာ အခုပြင်ဆင် ဖြည့်စွက်လိုက်တဲ့ အချက်ကိုပါ ငြိစွန်းရင် ပါတီမှတ်ပုံတင် ပယ်ဖျက် ခြင်းခံရမှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ ၅၀ ရှိပြီး ပါတီသစ် တည်ထောင်ခွင့်လျှောက်ထားတဲ့ ၂၂ ပါတီကိုလည်း တည်ထောင်ခွင့် ပြုထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသိရပါတယ်။