မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက် စိစစ်နေတဲ့အတွက် မဲစာရင်းတွေကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ ကပ်ထားကြေညာမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေး ကြေညာထားပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁)မှာ ပါဝင်တဲ့ မြို့နယ်တွေအတွက် ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဒီဇင်ဘာ ၂၆ ရက်ကနေ ရွေးကောက်ပွဲ ကျင်းပမဲ့ ဒီဇင်ဘာ ၂၈ ရက် မဲပေးခြင်း ပြီးဆုံးတဲ့အချိန်အထိ သက်ဆိုင်ရာ မဲရုံတွေမှာ ကပ်ထားကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်တွေ (ရွေးကောက်ပွဲတွေ ကျင်းပခြင်း ပြုမှာမဟုတ်ကြောင်း ကြေညာထားတဲ့ ၅၆ မြို့နယ်မပါ) မှာ ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့မဲစာရင်းအမှတ်စဉ်တွေကို သိရှိမှတ်သားထားပါက ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ မဲရုံမှာ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်အတွင်း အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိတို့ရဲ့ မဲစာရင်းအမှတ်စဉ်တွေကို မှတ်သားထားကာ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ကြဖို့ အသိပေးကြေညာထားပါတယ်။ ပထမအကြိမ် မဲစာရင်းတွေ ကပ်ထားကြေညာပေးတာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂၀ ရက်အထိ (၂၁) ရက်ကြာ ပြုလုပ်ခဲ့ပြီးဖြစ်သလို ဒုတိယအကြိမ် မဲစာရင်းတွေကိုတော့ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါတယ်။




