မန္တလေးဗဟိုအကျဉ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၈၅ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုဝင်ဘာ ၂၇ ရက်၊ မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနဲ့ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးချိုဝင်းထွန်းတို့က မန္တလေးဗဟိုအကျဉ်းထောင်မှာတွေ့ဆုံပြီး ဆုံးမဩဝါဒစကားတွေ ပြောကြားခဲ့ပါ တယ်။

အဲဒီနောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ကျန်းမာရေးစစ်ဆေးပေးတာ၊ လုပ်အားခဆုငွေနဲ့ စားစရိတ်၊ ခရီးစရိတ်ပေးအပ်တာတွေကို စနစ်တကျ ဆောင်ရွက်ပေးပြီး အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်(၅)ထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျခံ နေရတဲ့အကျဉ်းသား၊အကျဉ်းသူ(၂၆၅)ယောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဥ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အကျဉ်းကျခံ နေရတဲ့ အကျဉ်းသူ ငါးယောက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်တွေကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အကျဉ်းကျခံ နေရတဲ့ အ ကျဉ်းသား၊ အကျဉ်းသူ အယောက် ၂၀ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အကျဉ်းကျခံနေရသူ ၁၉၂ ယောက်ကိုလည်း နိုဝင်ဘာ ၂၇ ရက်၊ မနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်း အသီးသီးမှာပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၇၂၄ ယောက်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး ပြစ် ဒဏ်ကလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကအမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ယောက်ကိုလည်း ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျန်ရှိတဲ့ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့် ပြုလိုက် တာဖြစ်ပါတယ်။
မကြာမီကျင်းပမဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အခုလို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းသက်သာ ခွင့်ပေးလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



