ဓာတ်အားလိုင်း ချို့ယွင်းနေမှုကြောင့် လက်ရှိအချိန်အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို ရွှေလီဓာတ်အား ပေးစက်တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု(၄၀၀)မဂ္ဂါဝပ်ခန့်၊ တစ်နေ့ကို လျှပ်စစ်ပမာဏယူနစ် (၉ ဒသမ ၅)သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုတွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားဆဲ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်၊ည(၇)နာရီ(၅၄)မိနစ်အချိန်လောက်ကလည်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို 230kV မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ်ဖြစ်နေတာကြောင့် တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထားတဲ့ ဓာတ်အားပမာဏထက် (၂၀)ရာခိုင်နှုန်း နေ့စဉ် ယူနစ် (၅ ဒသမ ၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့တာကြောင့် အရေးပေါ် ဝန်အားလျှော့ ထိန်းညှိတာတွေ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နဲ့အများပြည်သူတွေကို အရင်ရက်ပိုင်း သုံးစွဲ၀န်အားထက် လျော့ချပြီး ဓာတ်အားဖြန့်ဖြူးနေရတာနဲ့ အရေးပေါ်၀န်အား ထိန်းညှိမှုဆောင်ရွက်ရတာတွေကြောင့် မြို့နယ်အချို့မှာ ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အရှေ့ဒဂုံဓာတ်အားခွဲရုံမှာလည်း ဇွန်လ(၂၉)ရက်နဲ့ (၃၀)ရက်တို့မှာ မနက် (၉)နာရီကနေ နေ့လယ်(၁)နာရီအထိ ဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တာကြောင့် လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရွှေပေါက္ကံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)အစရှိတဲ့မြို့နယ်တွေက နေရာအချို့တို့မှာ ယာယီဓာတ်အား ပြတ်တောက်မှုရှိမှာဖြစ်ပြီး ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်း စေရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။