စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှာ စက်သုံးဆီသိုလှောင်ခြံတွေပြုလုပ်ပြီး တရားမဝင် သိုလှောင်ရောင်းဝယ်နေသူတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလို ဝင်ရောက်ဖမ်းဆီးရာမှာ စက်သုံးဆီခြံ ၅ နေရာက လူ ၁၇ ယောက်ကို ဆီသယ်ယာဉ် ၁၃ စီး၊ ဆီနောက်တွဲ ယာဉ် ၁ စီး အပါအဝင် စုစုပေါင်း ယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃၀၀၈၃ ဂါလန်၊ အောက်တိန်း 92 ၃၀၄၆၂ ဂါလန် နဲ့ တရားမဝင် စက်သုံးဆီတွေ အရောင်းအဝယ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ငွေတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ ပါတယ်။ စစ်ဆေးဖော်ထုတ်ချက်တွေအရ စက်သုံးဆီတွေကို တရားမဝင်သိုလှောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တချို့ဒေသတွေကို ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင်စက်သုံးဆီတွေ သိုလှောင်ရောင်းချသူ ၁၇ ယောက်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်တွေနဲ့ စက်သုံးဆီတွေကို စိစစ်မှု တွေပြုလုပ်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။