ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီအလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆွေးနွေးပွဲအတွင်း နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးသန်းဆွေဟာ ဒီဇင်ဘာ ၁၈ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာစွန်းဝေတုန်း၊ ညနေ ၅ နာရီမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ ဒီဇင်ဘာ ၁၉ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှာ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ မွန်းလွဲ ၂ နာရီခွဲမှာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်၊ ညနေ ၅ နာရီ ၁၅ မိနစ်မှာ ထိုင်းနိုင်ငံကို သီးခြား ဆွေးနွေးပွဲတက်ဖို့ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဦးသန်းဆွေက နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တားဆီးနှိမ်နင်းရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းဖို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနဲ့ နှစ်နိုင်ငံအကြား ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန် ထားပါတယ်။