၃၁ ကြိမ်မြောက် ပခုက္ကူစာပေဆုရရှိသူတွေရဲ့ အမည်စာရင်းကို ဩဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့ရာ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး(မမိုးမြေ)က ရရှိခဲ့တယ်လို့ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်၊၊

ဝတ္ထုရှည် ဒုတိယဆုကို မောင်နေခြည်(ပြည်)ရေးသားတဲ့ “ကိုယ်ချင်းစာ နိုင်ကြပါစေ” စာမူက ရရှိခဲ့ပြီး ဝတ္ထုတို ပေါင်းချုပ် ပထမဆုကို ညိမ်းညို ရေးသားတဲ့ “မခန်းသောမြစ်နှင့်အခြားဝတ္ထုတိုများ”၊ ဒုတိယဆုကို သက်ဦးခင် ရေးသားတဲ့ “အရုဏ်ဦးမှာ ကြည်နူးစွာနှင့်အခြားဝတ္ထုတိုများ”၊ တတိယဆုကို မေလတ်ဟန် ရေးသားတဲ့ “ကျောင်းဆရာမလေးဖြစ်ချင်တယ်နှင့်အခြားဝတ္ထုတိုများ” စာမူတို့က ရရှိခဲ့ပါတယ်၊၊အဲဒီအပြင် ကဗျာပေါင်းချုပ်ဆု၊ သုတေသနစာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနဲ့ ပခုက္ကူ ပညာ သင်ဆု ရရှိသူတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကို အရင်က ငွေကျပ် ၁၀ သိန်းချီးမြှင့်ရာကနေ အခုနှစ်မှာ ငွေကျပ် ၁၅ သိန်းအထိ တိုးမြှင့် ချီးမြှင့်မှာဖြစ်ပြီး ပခုက္ကူဦးအုံးဖေ စာမူဆု ပထမဆုကို အရင်က ငွေကျပ် ၇ သိန်းကနေ အခု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို အရင်က ငွေကျပ် ၅ သိန်းကနေ အခု ငွေကျပ် ၇ သိန်း၊ တတိယဆုကို အရင်က ငွေကျပ် ၄ သိန်းကနေ အခု ငွေကျပ် ၅ သိန်း အသီးသီး တိုးမြှင့် ချီးမြှင့်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ပခုက္ကူစာပေဆု ဆုရရှိသူတွေဟာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းမှာရှိတဲ့ စာပေ ဗိမာန်နဲ့ စီမံရေးရာဌာနကို ဆက်သွယ် စုံစမ်းနိုင်သလို ပခုက္ကူစာပေဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမယ့် အချိန်၊ နေရာ၊ နေ့ရက်တို့ကိုလည်း ထပ်မံကြေညာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



