ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ယာယီနေရပ်စွန့်ခွာသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ များပြားလာတာကြောင့် ရန်ကုန်တိုက်ခန်းငှားရမ်းခတွေဟာ အရင်ထက် စျေးနှုန်းမြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးသိန်းလွင်က One News ကို ပြောပါတယ်၊၊
လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းက ဒေသအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်တွေကို တိမ်းရှောင်လာသူတွေ များပြားနေတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ တိုက်ခန်း၊ ကွန်ဒိုငှားရမ်းခက ကျပ် ၂ သိန်းဝန်းကျင်ကနေ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ရှိနေပြီး စျေးနှုန်းမြင့်တက်လာတယ်တယ်လို့ ဦးသိန်းလွင်က ပြောပါတယ်၊၊
တိုက်ခန်းငှားရမ်းမှုမှာတော့ တာမွေကျောက်မြောင်း၊ စမ်းချောင်း၊ လှိုင် စတဲ့ မြို့နယ်တွေနဲ့ ရန်ကုန် downtown ဧရိယာတွေမှာ တိုက်ခန်းငှားရမ်းမှုက ပိုများတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးမှာလည်း ယာယီနေရပ်စွန့်ခွာသူ တိုးလာတဲ့အတွက် အိမ်ငှားခစျေးနှုန်းတွေလည်း အရင်ကထက် နှစ်ဆခန့် မြင့်တက်လာတယ်လို့ မန္တလေးအိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းကနေ သိရ ပါတယ်၊၊