ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ ဒုတိယမြောက်နေ့ကို ရောက်လာ ပြီး အရပ်သားသေဆုံးသူ ၁၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂ ယောက်အထိ ရှိလာပြီလို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းဘက်ခြမ်း ဆူရင်ခရိုင်ရဲ့ နေရာတချို့မှာ ဒီကနေ့ မနက်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အူဘွန် ရချသနီ နဲ့ ဆူရင်ခရိုင်တွေမှာတော့ ဒဏ်ရာရသူ ဒါဇင်ချီ ရှိပြီး နေရပ်စွန့်ခွာသူ အရပ်သား ၁ သိန်းကျော် ရှိလာပါတယ်။ ထိုင်းအာဏာပိုင်တွေကလည်း လူအမြောက် အမြားဆံ့တဲ့ စစ်ရှောင်စခန်းတွေ လုပ်ဆောင်ထားပြီး စားနပ်ရိက္ခာအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ ထောက်ပံ့ ပေးထားပါတယ်။ စစ်ရှောင်လာသူတွေကတော့ အခုချိန်အထိ လက်နက်ကြီးအသံကြားရင် တုန်လှုပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားဘက်ခြမ်းက Oddar Meanchey ပြည်နယ်မှာ မိသားစု ၁,၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ ပြောင်းထားပါတယ်။ ထိုင်းစစ်တပ်ကတော့ နယ်စပ်မှာ တပ်အင်အားတွေ ထပ်ဖြည့်တင်းထားပါတယ်။ နှစ်နိုင်ငံစလုံးကတော့ ဒီပဋိပက္ခအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။