ကမ္ဘောဒီးယားနဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ ပြင်ပက ကြားဝင်ဖျန်ဖြေခြင်းထက် နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းရေးကို ထိုင်းနိုင်ငံက လိုလားတယ်လို့ ထိုင်းအရာရှိ နှစ်ဦးက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။အငြင်းပွားနယ်စပ်တလျှောက် တိုက်ပွဲတွေ အဆက်မပြတ် ဆက်လက်ဖြစ်ပွားနေသောကြောင့် အခုလို ပြောကြားလာတာဖြစ်တယ်လို့ ထိုင်းအရာရှိ နှစ်ဦးက ဆိုပါတယ်။

အရှေ့တောင်အာရှဒေသတွင်းက နှစ်နိုင်ငံဟာ နယ်စပ်အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှည်ကြာစွာကတည်းက အငြင်းပွားမှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။အထူးသဖြင့် ခမာယဉ်ကျေးမှုလက်ရာ ဘုရားကျောင်းတွေနဲ့ပတ်သက်ပြီး ထိန်းချုပ်ခွင့်အတွက် အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။ မေလကလည်း နှစ်ဖက်စစ်တပ်တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေးပဋိပက္ခတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။

ဒါ့ကြောင့် အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့က စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖို့အတွက် ကမ်းလှမ်းထားပေမယ့် ဘန်ကောက်က ပဋိပက္ခအတွက် နှစ်နိုင်ငံ အဖြေရှာဖို့ ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။