နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအတွက် အရင်နှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဟောင်းဟာစီနာရဲ့ Awami League ပါတီရဲ့ လှုပ်ရှားမှုတွေအားလုံးကို နိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပိတ်ပင်တားမြစ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့က မေလ ၁၀ ရက် ညပိုင်းက ထုတ်ပြန်ကြေညာ လိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောင်းသားထုခေါင်းဆောင်တဲ့လူထုအုံကြွမှုကြောင့် ဟာစီနာ ဟာ အိန္ဒိယကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်ဦးဆောင်တဲ့အဖွဲ့က ကြားဖြတ်အစိုးရ တာဝန်ကို ယူလိုက်ပြီးတဲ့နောက် နိုင်ငံတွင်း မှာလည်း တင်းမာမှုတွေ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ယူနွတ်ရဲ့ ကြားဖြတ် အစိုးရအဖွဲ့ကတော့ ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကတိပေးထားပြီး ရွေးကောက်ပွဲကတော့ ၂၀၂၆ ခုနှစ်အထိ နှောင့်နှေးသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟာစီနာရဲ့ Awami League ပါတီနဲ့ ခေါင်းဆောင်တွေဟာ လူထုဆန္ဒပြပွဲတွေမှာ သေဆုံးမှုတွေ ဖြစ်စေခဲ့တဲ့အတွက် အစိုးရက ICT အက်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ICT အက်ဥပဒေဆိုတာ အစိုးရက ရာဇဝတ်သားတွေအတွက် သီးသန့် ထည့်သွင်းထားတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ အဲဒီပြင်ဆင်တဲ့ဥပဒေအရ လူတစ်ဦးချင်း သာမက နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေကိုပါ တရားစွဲဆိုခွင့် ပေးထားတာဖြစ် ပါတယ်။