ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က ဖြုတ်ချခံ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်မှုကို ဆိုင်းငံ့လိုက်ပြီး ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံရကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရှေးကာလ ရွေးကောက်ပွဲတွေအတွက်လည်း ဖြုတ်ချခံ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာရဲ့ နိုင်ငံရေးပါတီ ဝင်ပြိုင်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက ကျောင်းသားထုဆန္ဒထုတ်ဖော်ပွဲတွေအပေါ် ဖြိုခွင်းနှိမ်နင်းမှုနဲ့ ပတ်သက်ပြီး တရားရုံး စစ်ဆေးမှု ရလဒ် မထွက်လာမီ အတောအတွင်း ဟာစီနာရဲ့ အဝါမီ လိဂ် ပါတီကို ပိတ်ပင်ထားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ အဝါမီလိဂ် ပါတီဟာ ဘင်္ဂလားဒေ့ရှ်မှာ သက်တမ်းအရင့်ဆုံး နိုင်ငံရေးပါတီဖြစ်ပြီး ၁၉၇၁ ခုနှစ်အတွင်းက နိုင်ငံ လွတ်မြောက်ရေးစစ်ပွဲကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ထုတ်ပြန်မှုအရ ၂၀၂၄ ဇူလိုင်-ဩဂုတ် ဆန္ဒထုတ်ဖော်ပွဲတွေအတွင်း ဟာစီနာ အစိုးရက ဆန့်ကျင် အတိုက်အခံ ပြုမှုအပေါ် အသံတိတ်စေဖို့အတွက် ရက်စက်တဲ့ ဖြိုခွင်းမှုတစ်ခု လုပ်ဆောင်ခဲ့ရာ ဆန္ဒထုတ်ဖော်သူ ၁,၄၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဟာစီနာဟာ အိန္ဒိယမှာ ပြည်ပြေးအဖြစ် ဆက်လက်နေထိုင်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုများဆိုင်ရာ စွဲချက်တွေနဲ့ သူ့ကို ဒါကာက ဖမ်းဝရမ်းထုတ်မှုကို အာခံဖီဆန်နေတာလည်း ဖြစ်ပါတယ်။“အဝါမီလိဂ် ပါတီအပေါ် ပိတ်ပင်မှုက စိုးရိမ်ပူပန်စရာ အခြေအနေတစ်ခုဖြစ်တယ်”လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်းဒ်ဟာ ဂျာအီစဝယ်လ်က ပြောကြားထားပါတယ်။