အစ္စရေးက အီရန်ရဲ့ မြို့တော် တီဟီရန်အပါအဝင် နိုင်ငံတစ်ဝန်းက နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒီနေ့ ဇွန်လ ၁၃ ရက် မနက်အစောပိုင်းမှာ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်လိုက်ပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်မြို့တော် တီဟီရန်မှာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီဝန်းကျင် က ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဒီတိုက်ခိုက်မှုကို ခြင်္သေ့ စစ်ဆင်ရေးလို့ အမည်ပေးထားပြီး အီရန်ဟာ အစ္စရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု ဖြစ်နေတဲ့အတွက် တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။အစ္စရေးဟာ ဒါဇင်နဲ့ချီတဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ အီရန်နိုင်ငံ နေရာအနှံ့က နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှု လုပ်ခဲ့တာပါ။ တီဟီရန်က လူနေရပ်ကွက်တွေကို အစ္စရေးပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးဒဏ်ရာရရှိခဲ့သလို အီရန်တော်လှန် ရေး အစောင့်တပ်ဌာနချုပ်ကိုလည်း ထိမှန်တဲ့အတွက် တပ်မှူးတစ်ယောက် သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက ကြေညာပါတယ်။

အစ္စရေး စစ်ဘက်တာဝန်ရှိသူတွေကတော့ အကြီးတန်း အီရန်နျူကလီးယား သိပ္ပံပညာရှင်တွေလည်း သေဆုံးဖွယ် ရှိတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် မြို့တော်တီဟီရန်မှာ လေကြောင်းခရီးစဉ်တွေ အကုန်လုံးကို ရပ်ဆိုင်းခဲ့ရပါတယ်။ အီရန်ဘက်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ကတိပြုထားသလို အစ္စရေးကလည်း အီရန်ရဲ့ တန်ပြန် တိုက်ခိုက်မှုတွေအတွက် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ အမေရိကန်နဲ့ အီရန်တို့ အကြား နျူကလီးယား ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရရှိခဲ့တဲ့နောက် အစ္စရေးက အီရန်ကို အခုလို စတိုက်ခိုက်လာတာဖြစ်ပါတယ်။