အစ္စရေးရဲ့ဂါဇာအပေါ် အဆက်မပြတ် ထိုးစစ်ဆင်နေတာကို လူ့အခွင့်အရေးဆိုင်ရာ ဥပဒေချိုးဖောက်မှု တစ်ရပ် အဖြစ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးရုံးက တနင်္လာနေ့က ရှုတ်ချလိုက်ကြောင်း China Daily သတင်းမှာ ဖော်ပြပါရှိ ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် အီဂျစ်နဲ့ကာတာ အပါအဝင် တစ်ကမ္ဘာလုံးက ကြားဝင်ဖျန်ဖြေကြ ပေမဲ့လို့ အစ္စရေးကိုယ်တိုင်က ဂါဇာစစ်ပွဲကို ရပ်တန့်လိုစိတ်မရှိကြောင်းနဲ့ လက်နက်မဲ့ ဂါဇာပြည်သူတွေကို ဝိုင်း ထားပြီး ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒုက္ခတွေကို အဆင့်ဆင့်ဖြစ်အောင် လုပ်နေတာဖြစ်တယ်လို့ ဝန်ကြီးက မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။သြဂုတ် ၈ ရက်မှာ အစ္စရေးဟာ ဂါဇာကို သိမ်းယူဖို့ ကြေညာလိုက်ပြီးကတည်းက ပြည်တွင်းပြည်ပမကျန် အစ္စရေး ကို ဝိုင်းဝန်းရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အစ္စရေးဟာ ဂါဇာရဲ့ အစွန်အဖျား နေရာတွေ ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး တစ်ရက်ကို ဆယ်နာရီကြာ အပစ်အခတ်ရပ်စဲခြင်းသဘောတူညီချက်ကို လည်း ပယ်ဖျက်ကာ ဂါဇာကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အစ္စရေး-ဂါဇာစစ် စဖြစ်တဲ့၂၀၂၃ အောက်တိုဘာ ၂၃ ရက်ကစလို့ ဂါဇာမှာ သေဆုံးသူဦးရေ ၆၃၅၅၇ ယောက်နဲ့ ဒဏ်ရာရသူပေါင်း ၁၆၀၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ အစာငတ်ပြီးသေဆုံးသူဦးရေကတော့ ကလေးငယ် ၁၂၇ ယောက်အပါအဝင် စုစုပေါင်း ၃၄၈ ယောက် ရှိသွားပြီဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။




