သိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း အသိုင်းအဝိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင် ဖို့ ထပ်ခါတလဲလဲ လှုံ့ဆော်ခဲ့တဲ့ လက်ယာစွန်း အစ္စရေးဝန်ကြီးနှစ်ယောက်ကို ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေက ပိတ်ဆို့အရေးယူလိုက်ပါတယ်။

နေတန်ရာဟုရဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘဇာလယ် စမော့ထရစ်နဲ့ အမျိုးသား လုံခြုံ ရေးဝန်ကြီး ဘန်ဂျီဗာတို့ကို မနေ့က ဇွန်လ ၁၀ ရက်မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာပါ။ပိတ်ဆို့မှုအရ သူတို့နှစ်ယောက်စလုံးဟာ ဗြိတိန်ကို ဝင်ရောက်ခွင့် ပိတ်ပင်ခံရသလို ဗြိတိန်မှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ကိုလည်း ထိန်းချုပ်ခံထားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ သြစတြေးလျ၊ နော်ဝေး၊ ကနေဒါ၊ နယူးဇီလန်တို့နဲ့ အတူ ပူးတွဲလုပ်ဆောင်တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးတို့ဟာ ပါလက်စတိုင်းတွေကို လူ့အခွင့်အရေး ချိုးဖောက် ဖို့နဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ လုပ်ဖို့အတွက် လှုံ့ဆော်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ ဂါဇာကမ်းမြောင်ဆီ အကူအညီတွေ ဝင်ရောက်ခွင့်ကို ဆန့်ကျင်သလို ပါလက်စတိုင်းတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းဖို့လည်း တိုက်တွန်းခဲ့သူတွေ ဖြစ်ပါတယ်။အစ္စရေးဘက်ကတော့ အစိုးရအဖွဲ့ဝင်တွေကို ဒီလိုလုပ်တဲ့အပေါ် ဒေါသထွက်ကြောင်း တုံ့ပြန်ခဲ့ပြီး အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကလည်း ဗြိတိန်ရဲ့ ပိတ်ဆို့မှုကို ရှုတ်ချထား ပါတယ်။