အစ္စရေးနဲ့အီရန်စစ်ပွဲဟာ အချိန်မရွေး ဖြစ်သွားနိုင်တဲ့အကြောင်း ဩဂုတ် ၁၈ ရက်မှာ အီရန်အရာရှိက သတိပေး ပြောကြားလိုက်တာကို The Straits Times သတင်းမှာ ဖော်ပြပါရှိပါတယ်။ဇွန်လအတွင်းက ၁၂ ရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်းမှာ ငြိမ်သလိုဖြစ်နေခဲ့တာဟာ ခေတ္တခဏ ရပ်တန့် တာသာ ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အစ္စရေးဘက်ကနေ အီရန်နျူကလီး ယားနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေအပြင် လူနေရပ်ကွက်တွေကိုပါ ဗုံးကြဲခဲ့တဲ့အတွက် အီရန်အကြီးတန်းအရာရှိတွေ နဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေအပါအဝင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။အီရန်ဘက်ကလက်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးဘက်မှာလည်း လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း အီရန်နျူကလီးယားအဆောက်အအုံတွေကို ဗုံးကြဲပြီးတော့ စစ်ထဲကို ပါဝင်လာခဲ့ပါတယ်။

အီရန်စစ်ဘက်အကြံပေးကတော့ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားတဲ့အကြောင်း ဩဂုတ် ၁၇ ရက်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ စစ်ပွဲကို ရှာနေတာမျိုး မဟုတ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ အခိုင်အမာပြောဆိုထားတာလည်း တွေ့ရပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ကလည်း စစ်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ အီရန်အနေနဲ့ နျူကလီးယားစက်ရုံတွေ ပြန်လည် မစတင်ဖို့နဲ့ ယူရေနီယမ်သန့်စင်မှု အစီအစဉ်ကို ပြန်မစဖို့ မကြာခဏဆိုသလို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။



