ဂါဇာကမ်းမြောင်မှာ အစ္စရေးက စစ်ဆင်ရေးအသစ်တွေ ဆက်လုပ်နေတဲ့အတွက် ဗြိတိန်က အစ္စရေးနဲ့ လွတ်လပ် တဲ့ ကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။ ဂါဇာမှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးဆောင်ရွက်ချက်တွေဟာ တရားမျှတမှု မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြတ်ပြတ်သားသား ပြောကြားလိုက်ပြီး အနောက်ကမ်းမှာ အခြေချနေထိုင်သူအချို့ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်မှာ စစ်ရေးတိုးချဲ့မှုကို ရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဂါဇာကို ချက်ချင်း ဝင်ရောက်ခွင့်ပြုဖို့ ဗြိတိန်၊ ကနေဒါနဲ့ ပြင်သစ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပူးတွဲကြေညာ ချက် ထုတ်ပြန်ပြီး သတိပေးခဲ့ပေမယ့် အစ္စရေးက မလိုက်နာတဲ့အတွက် အခုလို အရေးယူမှုတွေ စတင်လာတာပါ။အစ္စရေး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ပြင်ပဖိအားတွေကြောင့် အစ္စရေးရဲ့ တည်ရှိမှုကို ခုခံ ကာကွယ်တဲ့ အခြေအနေအပေါ် လမ်းကြောင်းပြောင်းမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အရှိန် အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပြီး လက်ရှိအခြေအနေကို သည်းမခံနိုင်ဘူးလို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရမယ့် အရိပ်အယောင်မရှိဘဲ အစ္စရေးက စစ်ဆင်ရေးတွေကို တိုးလုပ်လာတဲ့အတွက် အမေရိကန် အိမ်ဖြူတော်ဘက်ကလည်း စိတ်ပျက်လာတဲ့ အခြေအနေကို မြင်ရတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားလာပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ အစ္စရေးကို မသွားရောက်ဘဲ ချန်လှပ်ခဲ့တဲ့အပြင် ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း အခုသီတင်းပတ်အတွင်း အစ္စရေးကို သွားရောက်မယ့်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ တချိန်တည်းမှာ အစ္စရေးရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ ဥရောပသမဂ္ဂကလည်း အစ္စရေးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်သုံးသပ်မယ်လို့ EU ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ပြောကြားထားပါတယ်။